ဤအစီရင်ခံစာကို မူလက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ မြန်မာဘာသာပြန်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ဝေသည်။
[အစီရင်ခံစာကို ဖတ်ရှုပါ] (အစီရင်ခံစာကို ဤစာကြောင်းမှတဆင့် ချိတ်ဆက်ထားပါမည်)
အစီရင်ခံစာအကျဉ်းချုပ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းမှုအပြီး၊ မြန်မာစစ်တပ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများနှင့် မြန်မာနိုင်ငံတွင်တိုးပွားလာသော အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လက်နက်ကိုင်ခုခံတော်လှန်မှုများကိုတုံ့ပြန်ရန်အတွက် summary execution (တရားလက်လွတ် ကွပ်မျက်ခြင်း၊) အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် အခြားသောလူ့အခွင့်အရေးဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ရန် စုစည်းသိမ်းဆည်းထားသောလက်နက်များကို အားကိုးအားထားပြုခဲ့သည်။ ထိုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ မျက်မြင်သက်သေများ၏ထွက်ဆိုချက်များနှင့် ဗီဒီယိုနှင့် ဓာတ်ပုံအထောက်အထားများကို ခွဲခြမ်းစိတ်ဖြာခြင်းအရ လုံခြုံရေးတပ်ဖွဲ့များသည် ပြည်တွင်း၌ထုတ်လုပ်သော လက်နက်ငယ်များဖြင့် လက်နက်ကိုင်ဆောင်ထားကြောင်း ပြသနေသည်၊ ၎င်းတို့တွင် စနိုက်ပါရိုင်ဖယ်များ၊ MA-1 semi-automatic ရိုင်ဖယ်များနှင့် Uzi ပုံစံတူ BA-93 နှင့် BA-94 Submachine gun ဆပ်မရှင်းဂန်းများ ပါဝင်သည်။ ထို့အပြင် စစ်သားများနှင့် စစ်တပ်၏ထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအသုံးပြုသော လက်နက်များ၏ပုံများကိုခွဲခြမ်းစိတ်ဖြာခြင်းအရ ၂၀၂၁ ခုနှစ်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုပစ်ခတ်ရာတွင် အသုံးပြုခဲ့သော လက်နက်ငယ်ခဲယမ်းများစွာသည် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများညွှန်ကြားရေးမှူးရုံး (DDI) ၏ ခေါင်းစီးတံဆိပ်ဖြင့် ပြည်တွင်း၌ထုတ်လုပ်ကြောင်း အတည်ပြုထားသည်။
SAC-M မှ တနှစ်ကြာစုံစမ်းစစ်ဆေးမှု၏ရလဒ်ဖြစ်သော ဤအစီရင်ခံစာသည် မြန်မာစစ်တပ်၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုနှင့် ယင်းကိုအထောက်အကူပြုသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်များအပေါ် လေ့လာထားခြင်းဖြစ်သည်။ စစ်တပ်သည် နှစ်ပေါင်းများစွာကတည်းက ပြင်ပအထောက်အပံ့များအပေါ်မှီခိုမှုမှကင်းလွတ်နိုင်စေရန်အတွက် မလွဲမရှောင်သာသော နည်းလမ်းတခုအဖြစ် လက်နက်များထုတ်လုပ်ရန်အတွက် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကို အားကောင်းစေရန် သိသိသာသာရင်းနှီးမြှုပ်နှံခဲ့သည်။ ရလဒ်အနေဖြင့် DDI သည် လက်ရှိတွင် မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းမှုကို အဓိကထားလုပ်ဆောင်ရန်အတွက် ၎င်း၏ လုပ်ငန်းလည်ပတ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ လက်နက်ငယ်များထုတ်လုပ်ရန်အတွက် အလွန်အားကောင်းသောစွမ်းရည်ရှိသည်။
သို့ပေသော်ငြား DDI သည် လိုင်စင်ရှိသောနှင့် မရှိသော ၎င်းစုဆောင်းသိုလှောင်ထားသည့်လက်နက်များ ရေရှည်ထုတ်လုပ်မှုအတွက် ကုန်ကြမ်းပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် နောက်ဆုံးအဆင့်ထုတ်ကုန်များအပါအဝင် စက်ပစ္စည်းများနှင့်နည်းပညာများအတွက် နိုင်ငံတကာအထောက်အပံ့များအပေါ်တွင် ဆက်လက်မှီခိုနေရဆဲဖြစ်သည်။
ဤအစီရင်ခံစာသည်-
- မြန်မာစစ်တပ်၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုကိုဖော်ပြထားပြီး ယင်းလက်နက်ထုတ်လုပ်မှုသည် ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) သို့မဟုတ် စစ်တပ်၏အသုံးအနှုန်းအရ “ကာကွယ်ရေးလုပ်ငန်း” စက်ရုံများ (DI) ဟု ခေါ်ဝေါ်သောစက်ရုံများတွင် ထုတ်လုပ်သည်။
- ယင်းလက်နက်ထုတ်လုပ်မှုကို အောင်အောင်မြင်မြင်ဆက်လက်ဖြစ်စေသော အသွင်ဆောင်သည့် အရေးကြီးသော တင်သွင်းမှုအချို့အပေါ် ခြုံငုံသုံးသပ်ချက်ကို ဖော်ပြထားသည်။
- တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ရုရှား၊ အစ္စရေး၊ ယူကရိန်း၊ ဩစတြီးယား၊ ပြင်သစ်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အခြေစိုက်သောကုမ္ပဏီများ၏ထုတ်ကုန်များကို DDI မှ ၎င်း၏ပမာဏကြီးမားသောလက်နက်ထုတ်လုပ်မှုအား အောင်မြင်စွာရေရှည်ထိန်းသိမ်းရန်အတွက် လက်ရှိအသုံးပြုနေကြောင်းကို ဖော်ထုတ်ထားသည်။
- မြန်မာနိုင်ငံတွင် အခြေစိုက်သောကုမ္ပဏီများအပါအဝင် ရှေ့တန်းကုမ္ပဏီများနှင့် DDI အနေဖြင့် ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို ဝယ်ယူနိုင်စေရန်အတွက် အကျိုးဆောင်များ သို့မဟုတ် DDI အတွက် ကြားခံများအဖြစ်ဆောင်ရွက်ခြင်းဖြင့် သဘောတူညီချက်များကို ကြားမှ စေ့စပ်ပေးသူများစသည့် ဟန်ပြကုမ္ပဏီများကို ဖော်ထုတ်ထားသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ဤကုမ္ပဏီများသည် မြန်မာစစ်တပ်အား လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအထိ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နိုင်စေရန်အတွက် အထမြောက်အောင် ကူညီပေးနေခြင်းဖြစ်သည်။
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏ထိပ်တန်းစစ်ခေါင်းဆောင်များသည် ၎င်းတို့ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူ/ခံရမည်။ သို့သော် ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးများကိုလေးစားလိုက်နာရန်အလို့ငှာ ကော်ပိုရိတ်တာဝန်ယူမှုကိုဖြေရှင်းရန်အတွက် တိကျသောအရေးယူမှုများ ပြုလုပ်ရမည်ဟု အလေးပေးဖော်ပြထားသည်။ ဤအစီရင်ခံစာတွင် ဖော်ပြထားသော ကုမ္ပဏီများနှင့် ၎င်းတို့၏ ပင်မနိုင်ငံမှအစိုးရများနှစ်ဖက်စလုံးက လုပ်ဆောင်ရန် လိုအပ်သည်။
ဤအစီရင်ခံစာတွင် စီးပွားရေးလုပ်ငန်းများအပါအဝင် ပြင်ပအဖွဲ့အစည်းများမှ သင့်လျော်သောမူဝါဒများ၊ စည်းမျဉ်းများနှင့် တရားစီရင်ဆုံးဖြတ်ချက်များမှတဆင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်ရန်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေအရ တာဝန်ဝတ္တရားများကိုဖြည့်ဆည်းရန် ဖော်ထုတ်ခံထားရသောကုမ္ပဏီများ၏ ပင်မနိုင်ငံများအားဦးတည်သည့် အကြံပြုချက်များ ပါဝင်သည်။ ကုမ္ပဏီများအားဦးတည်သည့်အကြံပြုချက်များတွင် အခြားသူများ၏လူ့အခွင့်အရေးများကို မထိခိုက်စေရန်နှင့် ၎င်းတို့ပါဝင်ပတ်သက်နေသော လူ့အခွင့်အရေးဆိုင်ရာဆိုးကျိုးများကိုဖြေရှင်းရန် အတွက် လုံ့လစိုက်ထုတ်မှုပြုလုပ်ခြင်းကဲ့သို့သော ၎င်းတို့၏လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ထိန်းသိမ်းရန် ဆောင်ရွက်ရမည့်လုပ်ဆောင်ချက်များပါဝင်သည်။
ဤအစီရင်ခံစာသည် မြန်မာစစ်တပ်၏ စက်ရုံအခြေပြုလက်နက်ထုတ်လုပ်မှုနှင့် ဆက်စပ်တန်ဖိုးကွင်းဆက်များအား လုံးလုံးလျားလျား အသေးစိတ်ဖော်ပြထားသော ကြီးမားလှသည့်တာ၀န်ကို ထမ်းဆောင်ထားခြင်းမဟုတ်ကြောင်း သတိပြုသင့်သည်။
DDI ၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုကိုဖြတ်တောက်ရန်ရည်ရွယ်၍ အရေးပါသော ထောက်ပံ့ရေးပစ္စည်းများကို ဖော်ထုတ်ရန်အတွက် ရေရှည်သုတေသနလိုအပ်ပါသည်။ မြန်မာစစ်တပ်နှင့် စပ်လျဥ်းသောလက်ရှိသုတေသနများသည် စစ်တပ်ရဲ့ နိုင်ငံခြားမှလက်နက်ဝယ်ယူမှုအား အဓိကထားလေ့ရှိပြီး ပြည်တွင်းထုတ်လုပ်သည့်လက်နက်များအား အာရုံစိုက်လေ့မရှိသောကြောင့် ၎င်းလေ့လာမှုကွာဟချက်များအား ဖြည့်ဆည်းရန်အတွက် နောက်ထပ် သုတေသနများလုပ်ဆောင်ရန်အလို့ငှာ ဤအစီရင်ခံစာက အဓိကအားဖြင့် အကြံပြုထားပါသည်။
ထို့ကြောင့် SAC-M မှစိတ်ပါဝင်စားသူများအနေဖြင့် လက်ရှိသုတေသနကို ဆက်လက်လုပ်ဆောင်ရန် အားပေးသည်။ အနာဂတ်တွင် ထိုကဲ့သို့သောလုပ်ငန်းများကို တည်တံ့စေရန်အတွက် မြန်မာစစ်တပ်အား လက်နက်ထုတ်လုပ်ရာတွင် ထောက်ပံ့ပေးသော သို့မဟုတ် အားပေးသောကုမ္ပဏီများကို ထပ်မံဖော်ထုတ်နိုင်စေမည့်အချက်အလက်များကို အဆက်မပြတ်ပေးပို့ရန် SAC-M မှ ဖိတ်ခေါ်အပ်ပါသည်။
[အစီရင်ခံစာကို ဖတ်ရှုပါ] (အစီရင်ခံစာကို ဤစာကြောင်းမှတဆင့် ချိတ်ဆက်ထားပါမည်)
စာတမ်းအပြည့်အစုံအားဒေါင်းလုဒ်ရယူရန် – Briefing Paper_KaPaSa_Burmese Translation